သားသားမီးမီးတို့ရဲ့သွားလေးတွေအတွက် သွားတိုက်တံ ဘယ်အချိန်မှာ လိုမလဲ?

by: Khin Nyein Lwin
 0 comments  3 love

သားသားမီးမီးလေးတွေက အသက် ၆ လမှာ ‘သွားငုတ်တုတ်၊ လူငုတ်တုတ်’ ဆိုသလို သွားလည်းစပေါက်ပြီး ထိုင်လည်း စထိုင်တဲ့အရွယ်ဖြစ်ပါတယ်။

မေမေတို့ရေ သားသားမီးမီးတို့ သွားစပေါက်တဲ့အချိန်က အသက်ခြောက်လအရွယ်မှ စတင်ပါတယ်။ အပေါ်သွားတစ်ချောင်း၊ အောက်သွားတစ်ချောင်း ပေါက်သေးတဲ့အတွက် သွားတိုက်ပေးစရာမလိုသေးပါဘူးနော်။ အဝတ်သန့်သန့်လေးပဲ ပွတ်တိုက်ပေးရင် ရပါတယ်။ ဖြည့်စွက်စာဆိုတာကလည်း ကြေနေအောင်ကြိတ်ကျွေးတာမို့ အရည်သက်သက်သာ ဖြစ်နေပါသေးတယ်။

တစ်နှစ်၊ တစ်နှစ်ခွဲလောက်မှာတော့ လူကြီးစားသည့် အစာများလည်း စားနေပြီ၊ အသိဥာဏ်လည်း ပိုရှိလာပြီ ဖြစ်ပါတယ်။ လူကြီးတွေကိုလည်း အတုယူတတ်တဲ့ အရွယ်ဖြစ်လို့ တစ်နှစ်ကျော်လောက်မှာ သွားတိုက်တံနှင့် သန့်ရှင်းရေးလုပ်ပေးသင့်ပါပြီနော်။

သွားတိုက်ဆေးအမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဖလိုရိုက်ဓါတ်ပါတဲ့ သွားတိုက်ဆေးကတော့ သွားပိုးမစားအောင်ကာကွယ်နိုင်ပါတယ်။ ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးတွေရှိပါတယ်။   ကလေးတွေ သွားတိုက်စမှာတော့ သွားပွတ်တံကို ရေလေးစွတ်ပေးပြီး လူကြီးတွေနဲ့အတူ လိုက်လုပ်စေရင်း သွားတိုက်နည်းသင်ပေးလို့ရပါတယ်။ ကလေးကိုယ်တိုင် မလုပ်တတ်သေးခင်မှာ လူကြီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ မှန်ရှေ့မှာ သွားလေးတွေ ကို ဘယ်လိုတိုက်ရတယ်ဆိုတာ ပြပေးတဲ့အခါ ကလေးတွေ အလွန်စိတ်ဝင်စားတာ တွေ့ရပါမယ်နော်။

ကလေးငယ်တွေဟာ အသက် ၆ လမှာ ‘သွားငုတ်တုတ်၊ လူငုတ်တုတ်’ ဆိုသလို သွားလည်းစပေါက်ပြီး ထိုင်လည်း စထိုင်တဲ့အရွယ်ဖြစ်ပါတယ်။ သွားလေးနှစ်ချောင်းပေါက်ပြီး ရယ်ပြနေတဲ့ကလေးတွေဟာ အလွန်ချစ်စရာကောင်းတဲ့အရွယ်ပါ။ ဒါပေမယ့် တစ်ချို့က တစ်နှစ်အထိ တစ်ချောင်းမှ မပေါက်သေးတဲ့ကလေးလဲရှိပါတယ်။ နောက်ကျတာပဲ ရှိပါတယ်၊ သွားမပေါက်တဲ့ကလေးဆိုတာ လုံးဝမရှိသလောက် ပါပဲ။ သွားမပေါက်သေးလို့ စိုးရိမ်စရာမရှိပါဘူး။ နောက်ကျရတဲ့အကြောင်းအရင်းက ပျော့တဲ့အစာတွေပဲ ကျွေးနေတော့ သွားလေးတွေက သွားဖုံးကိုဖောက်မထွက်လာတာပါ။ မာတဲ့အရာ ဘီစကစ်၊ မုန့်လက်ညိုး၊ မုန့်ကြွပ်စသည့်တို့ကို ပေးဝါးလျှင် သွားလေးတွေ သွားဖုံး ကို ဖောက်ထွက်ရလွယ်ပါတယ်။

ကယ်လ်စီယမ်ဓါတ် ချို့တဲ့လို့ သွားပေါက်နောက်ကျတာ ရှိနိုင်ပါတယ်။  ကယ်လ်စီယမ်ဓါတ်ကို အများကြီး ကျွေးမိလျှင် ကျောက်ကပ်မျာ ကျောက်တည်တာ တို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးအလိုလိုက်ပြီး အပျော့တွေပဲ မကျွေးပဲ နည်းနည်း မာတာလေးတွေပါ ပေးကိုက်ပါ။ သူ့အရွယ်နှင့်သူ အစားအစာစားတတ်အောင် လေ့ကျင့်ပါ။ ကယ်လ်စီယမ်ကျွေးမယ်ဆို ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ကျွေးပါ။

Credit: Dr. Ei Ei Khin

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles