
သားသားမီးမီးလေးတွေကို နှိပ်ပေးခြင်း
သားသားမီးမီးလေးတွေကို စောင့်ရှောက်တဲ့အခါ ခန္ဓာကိုယ် ကြီးထွားစေဖို့ပဲ အာရုံစိုက်လို့တော့ မရပါဘူးနော်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကောင်းမွန်အောင် ကာကွယ်ရမှာတွေ၊ ကြိုတင်ပြင်ဆင်ရမှာတွေနဲ့ စောင့်ရှောက်ရမှာတွေ ရှိပါတယ်။ ဒါမှ ကလေးအတွက် ဘက်စုံကောင်းမွန်မှာပါ။ ဒီလို ကျန်းမာရေးအရ ဂရုစိုက်ရမယ့်အထဲမှာ ကြွက်သား အရိုးအဆစ်နဲ့ အာရုံကြောတွေလည်း ပါဝင်ပါတယ်။
အာရုံကြောစနစ်က ခန္ဓာကိုယ် တစ်ခုလုံးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားပြီး အာရုံကြော စနစ်တွေသာ မကောင်းဘူးဆိုရင် ခန္ဓာကိုယ်မှာ ယိုယွင်းတာတွေ၊ ပျက်စီးတာတွေ ဖြစ်လာမှာပါ။ ဒီလိုဖြစ်မယ်ဆိုရင် သားသားမီးမီးလေးမှာ လေထိုးလေအောင့်ခြင်း မအီမသာဖြစ်ခြင်း၊ နို့လုံးဝမစို့တော့ခြင်း၊ အအိပ်နည်းလာခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွေ နှေးလာခြင်း၊ ရင်ကြပ်ခြင်း၊ မောပန်းလွယ်ခြင်းတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ အာရုံကြော အတော့်ကို ယိုယွင်းတယ်ဆိုရင်တော့ အာရုံစူးစိုက်လို့ မရတာတွေတောင် ဖြစ်လာနိုင်ပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ မမေ့နဲ့နော်
သားသားမီးမီးလေးတွေရဲ့ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်တွေအတွက် ဆေးသောက်တာ ဒါမှမဟုတ် နှိပ်နယ်ပေးတာလေးတွေက ကောင်းမွန်စေတဲ့ အချက်တွေ အများကြီးရှိပါတယ်နော်။ ဦးနှောက်နဲ့ အာရုံကြောရဲ့ ဖွံ့ဖြိုးမှုကို ကောင်းစေခြင်း၊ အသက်ရှူကြပ်တာတွေကို ပြေလျော့စေခြင်း၊ ကျောရိုးပုံစံကို မှန်ကန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းတို့ကို ဖြစ်စေပါတယ်။
မွေးကင်းစ သားသားမီးမီးလေးတွေကို နည်းနည်းပါးပါး ညင်ညင်သာသာလေးတွေ နှိပ်ပေးတာ တွေ့ဖူးကြမှာပါနော်။ အရိုးလေးတွေကို လက်လေးနဲ့ ပြင်ပေး နှိပ်ပေးတာလေးက သားသားမီးမီးလေးရဲ့ အာရုံကြောကို ကောင်းကျိုးရစေပြီး အရိုးအဆစ်လေးတွေကို ဂရုစိုက်တာကလည်း လည်ပင်းရဲ့ အနေအထားကို မှန်ကန်စေနိုင်ပါတယ်။ ဒီလိုလုပ်တာက ဘက်တီးရီးယားကြောင့် နားယောင်ရမ်းတာတွေ ရှိစေနိုင်ပေမယ့် ကောင်းကျိုးတွေလည်း များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာဝန်ကိုတော့ တိုင်ပင်ဖို့ လိုပါတယ်။
မေမေတို့ရေ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်လေးတွေအတွက် နှိပ်ပေးတာလေးက ကောင်းပေမယ့် အတင်းအကျပ်ကြီး ပြုပြင်လိုက်တာကတော့ အရွတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ သားသားမီးမီးလေးတွေ အရမ်းငယ်သေးတဲ့ အချိန်မှာတော့ ကျောရိုးပြုပြင်တာတွေ မလုပ်သင့်သေးပါဘူး။
Comments