မွေးကင်းစကလေးငယ်ရှိတဲ့ အိမ်ကို အလည်သွားမယ်ဆိုရင် ဒါတွေကိုလိုက်နာပါ

by: Nang Htwe
 0 comments  3 love

ဧည့်သည်တွေကို စည်းကမ်းပြောရတာ အားနာရပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ရောဂါကူးစက်မှုမရှိအောင်နဲ့ စိတ်အနှောက်အယှက်မဖြစ်အောင် ပြောပြသင့်ပါတယ်။

မွေးကင်းစကလေးငယ်ကို ချစ်တဲ့သူအလွန်များပါတယ်။ မေမေတို့ရဲ့ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တွေက မွေးကင်းစ ကလေးငယ်ကို ဝမ်းမြောက်ဝမ်းသားစွာနဲ့လာရောက် တွေ့ဆုံပါလိမ့်မယ်။ ကလေးငယ်ကို ဆွေမျိုး မိတ်ဆွေတွေက လာရောက်တွေ့ဆုံတာ ကောင်းပေမယ့်လည်း မေမေတို့ဘက်က စည်းကမ်းလေးတွေ ချထားသင့်ပါတယ်။

မွေးကင်းစကလေးငယ်ကို ချစ်တဲ့သူအလွန်များပါတယ် (Photo by Today’s Parent)

မွေးကင်းစ ကလေးငယ်လေးတွေဟာ အလွန်နူညံ့လွန်းပါတယ်။ ကိုယ်ခံစွမ်းအားလည်း အလွန်နည်းပါတယ်။ ရောဂါကူးစက်လွယ်ပါတယ်။ ဒါကြောင့် စည်းကမ်းလေးတွေ ချထားသင့်တာပါ။ မေမေတို့ဘက်က မိတ်ဆွေတွေကို အားနာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် မိတ်ဆွေတွေကို စည်းကမ်းလိုက်နာဖို့ ပြောပြထားသင့်ပါတယ်။ ကလေးငယ်ကို လာတွေ့တဲ့ ဧည့်သည်တွေကို ဘယ်လိုစည်းကမ်းချထားသင့်တာကတော့

(၁) ကြိုတင်အကြောင်းကြားပါ

မိတ်ဆွေတွေအနေနဲ့ မွေးကင်းစကလေးငယ်ရှိတဲ့ အိမ် အလည်သွားမယ်ဆိုရင် အရင်ဖုန်းဆက်ထားဖို့လိုပါတယ်။ ဘယ်နေ့လာကြည့်ဖို့ အဆင်ပြေမလဲဆိုတာ ကလေးငယ်ရဲ့ မေမေနဲ့ဖေဖေကို မေးရပါမယ်။ ကြိုတင်ဖုန်းဆက်ထားခြင်းမရှိဘဲ မသွားသင့်ပါဘူး။ မွေးကင်းစကလေးငယ်ရှိတဲ့ အိမ်ဟာ အလွန်အလုပ်ရှုပ်ပါတယ်။ ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံနိုင်မှာမဟုတ်ပါဘူး။ ဒါကို ဧည့်သည်တွေဖက်ကလည်း သတိထားရပါမယ်။

(၂) တစ်ခုခုဝယ်လာခဲ့ပါ

မွေးကင်းစကလေးငယ်ကို သွားတွေ့တဲ့အခါ လက်ဗလာနဲ့ မသွားသင့်ပါဘူး။ မွေးကင်းစ ကလေးငယ်ရှိတဲ့ မေမေနဲ့ဖေဖေတို့ဟာ အစားအသောက်နဲ့ ပတ်သက်ပြီး မစီစဉ်နိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေတွေက ဝယ်သွားသင့်ပါတယ်။ မအားလပ်တဲ့ မေမေနဲ့ဖေဖေကို အစားအသောက်လက်ဆောင်ပေးတဲ့ သဘောပါ။ ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီတာပေါ့နော်။ အစားအသောက် ဝယ်ဖို့မလိုရင်တောင် မွေးကင်းစကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတစ်ခုခု ဝယ်လာပေးပါ။

(၃) နေမကောင်းရင် မသွားပါနဲ့

မိတ်ဆွေတွေအနေနဲ့  နေမကောင်းတာ၊ ဖျားတာနဲ့ ချောင်းဆိုးနေရင် မွေးကင်းစကလေးငယ်ရှိတဲ့အိမ် လုံးဝမသွားသင့်ပါဘူး။ မွေးကင်းစကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ဒီအချက်ကို အလေးအနက်ထားပေးပါ။

Image result for 13 things you should never do when you’re visiting a newborn

ကလေးမွေးထားတဲ့ မေမေတွေက အလွန်ပင်ပန်းပါတယ်။ အစားအသောက် အချိန်မှန်မှန်စားဖို့ လိုအပ်ပါတယ် (Photo by Reader’s Digest)

(၄) အကြာကြီး မနေပါနဲ့

မွေးကင်းစ ကလေးငယ်ရှိတဲ့အိမ်ဟာ အလွန်အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အလည်သွားတဲ့အခါ အချိန်အကြာကြီးမနေပါနဲ့နော်။

(၅) ဧည့်ခံခြင်း

မွေးကင်းစကလေးငယ်ရှိတဲ့အိမ် အလည်သွားတဲ့အခါ ထမင်းကျွေးတာ၊ မုန့်ကျွေးတာနဲ့ ကော်ဖီတိုက်တာတွေကို ငြင်းပယ်လိုက်ပါ။ သာမန်အချိန်မှာ အစားအသောက်နဲ့ ဧည့်ခံတာ ပြဿနာမရှိပေမယ့် ဒီလို အလုပ်ရှုပ်နေချိန်မှာတော့ ဧည့်သည်တွေအနေနဲ့ လက်မခံသင့်ပါဘူး။

(၆) မကဲ့ရဲ့ပါနဲ့

ကလေးမွေးထားတဲ့မေမေတွေက သာမန်အချိန်ထက် ဝတာ၊ ပင်ပန်းနွမ်းနယ်နေတာနဲ့ ကလေးငယ်ကို နို့တိုက်နေရတာကြောင့် ဘော်လီမဝတ်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဧည့်သည်တွေအနေနဲ့ မကဲ့ရဲ့ဖို့နဲ့  အတင်းမပြောမိဖို့ သတိထားပါ။

(၇) အလေးထားပါ

ကလေးမွေးမွေးပြီးချင်း သွားကြည့်တာ၊ သွားမေးတာကို ရှောင်ရှားပါ။ ဒီလိုအချိန်မှာ မေမေနဲ့ ဖေဖေတို့က မိတ်ဆွေတွေကို ဧည့်ခံနိုင်မှာ မဟုတ်သလို မအားကြပါဘူး။ ဒါကို ဧည့်သည်တွေက သိနေဖို့ လိုပါတယ်။ ကလေးမွေးပြီး ခုနစ်ရက်ကျော်မှသာ သွားရောက် ကြည့်တာ အကောင်းဆုံးပါ။

(၈) ဆိုရှယ်မီဒီယာပေါ် တင်ခြင်း

မွေးကင်းစကလေးငယ်ရဲ့ ဓါတ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်တာ ရှောင်ရှားပါ။ ဧည့်သည်တွေအနေနဲ့ ကလေးပုံကို ဆိုရှယ်မီဒီယာအပေါ်တင်တာ မေမေဖေဖေတို့က မကြိုက်ကြပါဘူး။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကိုလည်း သတိထားပါ။

Image result for 13 things you should never do when you’re visiting a newborn

ကလေးငယ်နဲ့ပတ်သက်ပြီး ဧည့်သည်တွေအနေနဲ့ ထင်မြင်ယူဆချက်တွေ၊ အကြံဥာဏ်တွေ မပေးပါနဲ့ (Photo by Today’s Parent)

(၉) အရိပ်အကဲသိပါ

ကလေးမွေးထားတဲ့ မေမေတွေက အလွန်ပင်ပန်းပါတယ်။ အစားအသောက် အချိန်မှန်မှန်စားဖို့ လိုအပ်ပါတယ်။ အကယ်လို့ (၄)နာရီမှာ မေမေက ထမင်းစားတယ်ဆိုရင် မိတ်ဆွေတွေအနေနဲ့ (၃)နာရီလောက်မှာ ပြန်သင့်ပါပြီ။

(၁၀) လက်ဆေးပါ

ကလေးငယ်သွားကြည့်တဲ့ ဧည့်သည်တွေအနေနဲ့ လက်ဆေးဖို့ လိုအပ်ပါတယ်။ ဆပ်ပြာနဲ့ ဆေးဖို့ အဆင်မပြေရင် hand-gel နဲ့ ဆေးထားပါ။ လက်ဆေးပြီးမှ ကလေးငယ်ကို တွေ့ဆုံပါ။ နောက်တစ်ချက်က မွေးကင်းစကလေးငယ်ကို လုံးဝမနမ်းသင့်ပါဘူး။

(၁၁) အကြံဥာဏ်မပေးပါနဲ့

ကလေးငယ်နဲ့ပတ်သက်ပြီး ဧည့်သည်တွေအနေနဲ့ ထင်မြင်ယူဆချက်တွေ၊ အကြံဥာဏ်တွေ မပေးပါနဲ့။ မေမေတို့မေးမှသာ ပြောပြပါ။ ဆရာဝန်၊ သူနာပြုတွေက ကလေးငယ်ကို စောင့်ရှောက်အကြံပေးနေတာကြောင့် ဧည့်သည်တွေရဲ့ ထင်မြင်ယူဆချက်တွေ မလိုအပ်သေးပါဘူး။

(၁၂) မေးခွန်းမမေးပါနဲ့

ကလေးမွေးထားတဲ့ အတွေ့အကြုံကို ဧည့်သည်တွေအနေနဲ့ သိချင်တယ်ဆိုရင် ဒီအချိန်မှာ မမေးသင့်သေးပါဘူး။ ဒီအချိန်က မေမေတို့ အလွန်ပင်ပန်းနေချိန် ဖြစ်တာမို့ မေးခွန်းတွေကို မဖြေချင်သေးပါဘူး။ လတော်တော်ကြာသွားမှ မေးပါ။

(၁၃) စီနီယာ ကလေးငယ်

ဒီလိုအချိန်မှာ စီနီယာ သားသားမီးမီးလေးတွေကို  စတာမျိုး ရှောင်ကျဉ်ပါ။ အထူးသဖြင့် နင့်မေမေက မောင်လေး ဒါမှမဟုတ် ညီမလေး ရလာပြီမို့ မင်းကို မချစ်တော့ဘူး ဆိုတဲ့ သွေးခွဲစကားတွေ လုံးဝမပြောသင့်ပါ။

မွေးကင်းစကလေးငယ်ရှိတဲ့ အိမ် အလည်သွားမယ်ဆိုရင် အထက်မှာပြောပြထားတဲ့အချက်တွေကို လိုက်နာပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

Ref: 13 things you should never do when you’re visiting a newborn

 

 

 

 

 

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x