ဖျားနေတဲ့ကလေးကိုရေချိုးပေးလို့ရလား….?

by: TharThar MayMay
 0 comments  4 love

ဘေဘီလေးတွေဖျားနေပြီဆိုရင် လူကြီးတော်တော်များများက ရေမချိုးခိုင်းကြတော့ပါဘူး။ ပိုပြီးဖျားတက်တယ်၊ ရေမချိုးလို့ဘာမှမဖြစ်ဘူး ၊ရေချိုးလိုက်မှ တစ်ခုခုဖြစ်သွားမယ် စတဲ့အသံလေးတွေက ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားနေကျတွေပါ။ တကယ်ပဲ ဘေဘီလေးတွေဖျားနေရင် ရေချိုးလို့မရဘူးလား ? ချိုးရင် ဘာဖြစ်နိုင်လဲ ? ကိုယ့်လိုပဲ မတင်မကျနဲ့ ဇဝေဇ၀ါဖြစ်နေတဲ့ မိခင်တွေရှိနေမယ်ထင်လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာရဲမြင့်ကျော်ရဲ့အကြံပေးချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ဖျားနေတဲ့ကလေးကို ရေချိုးလို့ရလား ?

ဖျားနေတဲ့ကလေးကို ရေချိုးပေးလို့ရပါတယ်။ တကိုယ်ရည်သန့်ရှင်းရေးကို အားပေးလို့ ပိုးမွှားတောင်သန့်စင်စေပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက ဇိမ်ခံပြီး ရေစိမ်မချိုးပေးဖို့ပါ။ မြန်မြန်ချိုးပေးရပါမယ်။ ရာသီဥတုကလည်း နည်းနည်းအေးမယ်။ ဖြစ်တဲ့ရောဂါကလည်း အဆုတ်အအေးမိလိုမျိုးဆိုရင်တော့ ရေနွေးလေးစပ်ပြီး ချိုးပေးသင့်ပါတယ်။ ပြီးရင်တော့ ကလေးကို       မြန်မြန် ရေခြောက်အောင်သုတ်ပြီး နွေးနွေးထွေးထွေးလေးထားရပါမယ်။

ရေမချိုးဘဲ ရေဖတ်တိုက်ပေးလို့ရလား ?

အဖျားကြီးနေတဲ့ကလေးကို ရေဖတ်တိုက်ခြင်းကို ဆရာဝန်တွေအားမပေးပါဘူး။ ကလေးရဲ့ပူနေတဲ့နဖူးကလေးကို ရေဖတ်ဝတ်နဲ့ တို့လိုက်၊ ပါးကလေးကိုတို့လိုက်နဲ့ တို့ကနန်း ဆိတ်ကနန်း မ၀ံ့မရဲလုပ်နေတာ တစ်နာရီသာ ကြာသွားမယ်။ အဖျားတော့ကျသွားမှာမဟုတ်ပါဘူး။
တကယ်တမ်းတော့ အဖျားကြီးတဲ့ကလေးကို ဆေးရုံက သူနာပြုဆရာမများလုပ်သလို ရေတစ်ခွက်ပြီး တစ်ခွက် မြန်မြန်လောင်းချိုးချပြီး မြန်မြန်ပြန်သုတ်ပေးမှသာ အဖျားလည်းကျ၊ အအေးလည်းမမိဖြစ်မှာပါ။

ရေခဲဝတ်ကပ်ပေးလို့ရောရလား ?

ရေခဲရေလည်းမသုံးစေချင်ပါ။ သာမန်ရေရိုးရိုးက အပူချိန်ကို ဆွဲချဖို့လုံလောက်ပါတယ်။ သာမန်အပူချိန်ရှိသူ လူကြီးတွေတောင် ထိလိုက်တာနဲ့ အဆင်မပြေတဲ့ ရေခဲရေကို သာမန်အပူချိန်ထက် မြင့်နေတဲ့ကလေးက ထိလိုက်တိုင်းမသက်မသာခံစားနေရှာပေါ့။ ပြီးတော့ ရေခဲရေနဲ့ထိတွေ့လိုက်တဲ့အခါ ကလေးရဲ့ချွေးပေါက်လေးတွေက ကျုံ့ဝင်သွားပြီး ချွေးထွက်နည်းသွားတက်လို့ နောက်ပိုင်းမှာ အဖျားပြန်တက်တတ်ပါတယ်။ အဲ့တာကြောင့် ရေရိုးရိုးသာ သုံးသင့်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ဘေဘီလေးတွေရဲ့မေမေတွေလည်း အယူအဆအမှားလေးတွေကို တွေးတော ဆင်ခြင်နိုင်မယ်ထင်ပါတယ်ရှင်။

ကလေးတွေရော မေမေတွေပါ နေကောင်းကြည်လင် ပြုံးပျော်ရွှင်နိုင်ကြပါစေ။


Tag: advicecaregood tipshealth


Comments

0 comments
Read more useful blogs