ကလေးကိုဘယ်အချိန်ထိနို့ချိုတိုက်ကျွေးမလဲ ?

by: TharThar MayMay
 1 comments  12 love

ကျွန်မတို့လို နို့တိုက်မိခင်တွေအားလုံး ကြုံရမယ့် မေးခွန်းလေးပါပဲ။ နားလည်တတ်ကျွမ်းတဲ့ဆရာတွေရဲ့အဖြေကတော့ ကလေးရော မိခင်ပါ ဆန္ဒရှိသလောက် တိုက်လို့ရပါတယ်တဲ့။ ဒီအကြောင်းအရာလေးကိုတော့ ကျွန်မကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်လေးနဲ့ ပြောပြချင်ပါတယ်။

ကျွန်မရဲ့ (၂)နှစ်သားအရွယ်သားလေးကို နို့ချိုတိုက်ကျွေနေတဲ့အချိန် ဘေးမှာအမျိုးတွေ (တခါတရံလာလည်တက်တဲ့) ရှိနေရင်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်ပြောကြတော့တာပဲ။ နို့မဖြတ်သေးဘူးလား၊ ဖြတ်တော့လေ၊ သွားပိုးစားမယ်၊ အာဟာရ မရှိတော့တဲ့နို့ရည်ကို တိုက်နေတယ် ဘာတယ်တို့ပေါ့လေ။ အမြဲတမ်းအတူနေ မိသားစုကတော့ ကျွန်မ ကောင်းကောင်းပြောပြထားလို့ ဘာမှ မပြောကြပါဘူး။ တခါတလေ မဖြတ်သေးဘူးလို့ ပြုံးပြုံးလေးပြန်ပြောလိုက်ပေမယ့် သားသားကို မရှက်ဘူးလား၊ မစို့နဲ့တော့လေ စသဖြင့် ဆက်ပြီးပြောလာရင် စိတ်တိုလာပါတယ်။ ကျွန်မလိုပဲ ကြုံဖူးတဲ့ ကြုံနေရတဲ့ မေမေတွေလည်း ရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ နို့တိုက်မိခင်နဲ့ ပတ်သတ်ပြီး အယူအဆအမှားတွေကို လက်ခံထားကြတဲ့ သူတွေ အများကြီးရှိနေသေးလို့ပါ။

အများစုလက်ခံထားကြတဲ့ အမှား(၂)ချက်ကို ပြောပြချင်ပါတယ်။

နံပါတ် (၁) မိခင်နို့ကို အကြာကြီးတိုက်ရင် သွားပိုးစားတယ်

လုံးဝမှားပါတယ်။ သွားပိုးစားတယ်ဆိုတာ အချိုစားလို့ဖြစ်တာပါ။ ဒါ့ကြောင့် သွားပိုးမစားစေချင်ရင် အချိုစားပြီးတိုင်း ပလုတ်ကျင်းခိုင်းပါ။

နံပါတ် (၂) မိခင်နို့မှာ အာဟာရမပါဝင်တော့ဘူး။

တော်တော့်ကို လွဲတဲ့အမှားပါ။

ကမ္ဘာပေါ်ရှိတဲ့ ဆရာဝန်တွေ ၊ သိပ္ပံပညာရှင်တွေ နဲ့ စိတ်ပညာရှင်တွေရဲ့ ထောက်ခံချက်အရ ရင်သွေးငယ်တွေအတွက်  မိခင်နို့ရည်ဟာ အကောင်းဆုံးသော အာဟာရပါ။ ဘာကြောင့်ကောင်းသလဲဆိုလို့ရှိရင် ကလေးရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ DHA ပါဝင်နေလို့ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကစို့တဲ့ မိခင်နို့မှာ အာဟာရအပြည့်ပါပြီး ကြီးလာလို့ အာဟာရမရှိတော့ဘူးဆိုတာမဟုတ်ပါဘူး။ ကလေးတွေကြီးလာရင် မိခင်နို့တစ်မျိုးထဲမလုံလောက်လို့ လိုအပ်တဲ့ ဗီတာမင်နဲ့တခြားဓာတ်တွေရအောင် ဖြည့်စွက်စာ ၊ အစားအစာတွေကျွေးကြတာပါ။ မိခင်နို့ရည်ရဲ့ရှိပြီးသား အာဟာရက နည်းသွားတာမဟုတ်ပါဘူး။

နို့တိုက်မိခင်တွေအတွက်ပိုကောင်းတာက ကလေးကို နို့တိုက်နေရင် ရင်သားကင်ဆာဖြစ်ပွားနှုန်း တစ်နှစ်ကို လေးရာခိုင်နှုန်းလျော့ကျစေပါတယ်။ (ဆရာဝန်ကိုယ်တိုင် ဆွေးနွေးပေးတာပါ။)

အဲ့ဒါကြောင့် ကလေးရော ကိုယ်ပါ နို့ချိုတိုက်ကျွေးဖို့ သဘောကြည်ဖြူ ဆန္ဒရှိနေပါလျက် ကျွန်မ အရှေ့မှာပြောခဲ့သလို ကြုံခဲ့ရသည်ရှိသော် နားမယောင်ဘဲ ဆက်ပြီး ကိုယ်လုပ်စရာရှိတာကို သံသယကင်းကင်း ဆက်လုပ်လို့ရပါတယ်။ ( အကြောင်းအမျိုးမျိုးကြောင့် နို့တိုက်တာကို ဖြတ်ထားတဲ့မေမေတွေကို မပြောလိုပါဘူးနော်။)

 

 

 

 




Comments

0 comments
Read more useful blogs